Wednesday, June 1, 2011

ပန်းဝင်္ကပါ

တပွင့်သောပန်း လှမ်းမည်ကြံတော့

ပန်းနီနီဟန် ဆူးကာရံသည်

ပင်ယံနှင်းဆီ

ရဲလွန်းသည်။

ရေစုန်ရေဆန် ကြံ့ကြံ့ခံလည်း

ပန်းပွင့်ဗေဒါ

ပြာလွန်းရာ၏။

ပိတောက်၊ ချယ်ရီ သစ္စာတည်လည်း

မြေပြန့်တောင်တန်း

ခွဲခြားလန်း၏။

မြင့်မြတ်နွယ်ဝင် ပန်းသဇင်လည်း

တော်ဝင်ပန်းမို့

မလှမ်းသာပြီ။

တင်တယ်လှဆန်း သစ်ခွပန်းလည်း

ပန်းရိုက်ဆေးဆိုး အမျိုးမျိုးနှင့်

ရိုးရိုးမနေ

ဆန်းလွန်းလေ၏။


လူမင်းအောင်








ရင်ဘတ်ထဲကသင်္ချိုင်း

စုန်းတစ္ဆေညချမ်းမှာ

ငါ့နှလုံးသားကိုကုတ်ခြစ်ဖို့ လက်သည်းရှည်ရှည်တွေပေးစမ်းပါ။

အချိန်မတော်လခြမ်းကအေးစက်တဲ့မင်းရင်ခွင်မှာခေါင်းခွေ့

 

ရင်ခုန်သံဖြူဖပ်ဖြူရော်တွေက

သွေးစို့နေတဲ့မင်းရဲ့ပါးပြင်ပေါ်မှာ နွမ်း..ခွေ

သံရိုက်ထားတဲ့မျက်လုံးတွေကို

ရှုံ့ထားတဲ့မျက်ခုံးတွေပေါ်မှာချိပ်ဆွဲပြီး

ငါ့ကိုအဆိပ်မခပ်ပါနဲ့တော့

ငါတော့

နာရီတွေကိုရိုက်ခွဲပြီး

ငါ့ကိုငါ

လွမ်းတယ်လို့ပဲ

အော်ဆဲပစ်လိုက်ချင်တယ်။



လူမင်းအောင်





ကြယ်ကြွေတိုင်းတောင်းတဲ့ဆု


  • အေးမြတဲ့အပြုံးလေး
  • လမင်းတောင်ငေးလောက်တယ်
  • သူ့မျက်နှာမှာ
  • ဖြူစင်မှုတွေပြည့်..လို့။
  • စကားလုံးတိုင်းကို
  • အပြုံးတွေနဲ့တန်ဆာဆင်တယ်
  • သူ့မျက်နှာမှာ
  • အပျော်တွေနဲ့ပြည့်..လို့။
  • ငါ့အိပ်မက်က
  • သူနဲ့မှသာယာတယ်
  • သူမျက်နှာမှာ
  • ရှက်သွေးလေးတွေဖြာ...လို့
  • ငါလေ
  • ညဘက် ကြယ်တွေကြွေတာမြင်ရင်
  • သူ့မျက်နှာလေးကို ပြေးပြေးမြင်တယ်
  • ဘယ်တော့များမှငါ့ရင်ခွင်ထဲကြွေကျလာမလဲ..လို့။


    လူမင်းအောင်